အလည် လာရောက်ကြသော ညီအစ်ကို မောင်နှမများ အားလုံးရွှင်လန်း ချမ်းမြေ့ပါစေ ...
Showing posts with label ညီညီ(မြန်အောင်). Show all posts
Showing posts with label ညီညီ(မြန်အောင်). Show all posts

Sunday, 12 May 2013

" အလွမ်းများနဲ့ လူ "



ရေခဲစိမ်အသားတွေ စားပြီး
အေးစက်စက် မျက်နှာထားတွေ ကြားမှာ
ကျင်လည်တာ ကြာလာခဲ့သမျှ
ငါ... ကိုယ်တိုင်လဲ
အေးစက်စက် နေတတ်ခဲ့ပြီ...........။
ဘဝမှာ ခံနိုင်ရည်ရဖို့
ဒဏ်ရာတို့ကိုလည်း မြတ်နိုးတတ်ခဲ့ပြီ
ဘဝမှာ အောင်မြင်မှု ရဖို့
အချိန်တို့ကိုလည်း တန်ဖိုးထားတတ်ခဲ့ပြီ....။
မြန်မာပြည် နေစဉ်တုန်းက
မင်း.. နိုင်ငံခြားသွား
ဘာလုပ်စားမလဲလို့ မေးကြတိုင်း
ခိုင်းတာလုပ် ကြွေးတာစား
သေချာပြောလို့မှ မရတဲ့ဘဝတွေကြားမှာ
အရှက်တရားဆိုတာ ဘေးချိတ်ထားလို့
မာနဆိုတာလည်း အောက်ဆုံးရအောင် ချထားတယ်.....။
အနေကြာခဲ့တာ လေး ငါး နှစ်
မြန်မာပြည်ပြန်မယ် ပြောဖြစ်မှ
အရင်မေးခွန်းဟောင်း ထပ်ကြလာတယ်
မြန်မာပြည် ပြန်သွား
မင်း... ဘာလုပ်စားမလဲတဲ့......။
သူငယ်ချင်းရေ
ကိုယ်ပိုင်အလုပ် ကိုယ်တိုင်လုပ်လို့
ပိုက်ဆံရဖို့ အားထုတ်ချင်တယ်
သေချင်လဲသေ ငါ့မွေးမြေမှာပေါ့.....။
နံနက်ခင်းတိုင်းမှာ ဆိုရင်လဲ
ရွာဦးကျောင်းက ဆွမ်းလောင်းခွင့် အမြဲပေးတဲ့
ဦးဇဉ်း လေးလဲ အိုပြီ
ခရီးထွက်လာ ကာစမှာ
နုပျိုနေကြတဲ့ အမိ အဖ ဆိုတာလည်း
ဇရာရဲ့ ဆွဲအချမှာ
အရွယ်တွေ ကြနေကြပြီလေ
ပလီပလာ တီတီတာတာနဲ့
ငါ့ ပတ်ဝန်းကျင်က ကလေးတွေများ
ခုဆို ငါ့ကို မေ့နေမလားပေါ့......။
ဆိုက်ကားဆရာ တစ်ယောက်က
တရားပွဲ အတွက် အလှူဒါနအဖြစ်
ခေါက်တုံ့ခေါက်ပြန် ဆွဲရစ်နေတယ်ဆိုတာ ဖတ်ရတိုင်း
ငါ အားကျ ဂုဏ်ယူတတ်ခဲ့တာ
taxi သမားတစ်ယောက်က
သံဃာတော်များအတွက် သီးသန့်အဖြစ်
ကုသိုလ်ပြုရစ်နေကြတယ် ဆိုတိုင်းလဲ
ငါ အားကျ ဂုဏ်ယူတတ်ခဲ့တာ
စားသောက်ဆိုင် အများက
သံဃာတော် များအတွက် အခမဲ့
ဆွမ်းလှူသွားတာတွေ ဖတ်ရတိုင်းလဲ
ငါ အားကျ ဂုဏ်ယူတတ်ခဲ့တာ
ဆံသ သမားတစ်ယောက်က
မိဘမဲ့ ကလေးကျောင်းကိုသွား
အခမဲ့ ဆံသပေးကြတယ် ကြားတိုင်းလဲ
ငါ အားကျ ဂုဏ်ယူ တတ်ခဲ့တာ.......။
ဒီမှာဖွဲ့တဲ့ ငါတို့ ပရဟိတ အသင်းဆိုတာ
ငွေကြေးနဲ့ ကူညီယုံမှတပါး
ဘာများပို လုပ်နိုင်ကြမှာလဲ....?
သူတပါးအလုပ်မှာ အချိန်ပြည့်
နေရောင်ဆိုတာ ရှာမတွေ့ ခဲ့တာကြာလာသမျှ
အပူလှိုင်းနဲ့
မုန်တိုင်းတွေကို လွမ်းနေမိတာ ငါပါ......။

ညီညီ(မြန်အောင်)

Wednesday, 13 February 2013

ဆုတောင်းမိပါသည်


သံယောဇဉ်တဲ့လား
ကဝေတစ်ကောင်လို လှည့်စားတယ်...........။

ညညတွေမှာဆို
ဒိုင်ယာရီ စာအုပ်အိုနဲ့
ဘောပင်ကလေးတစ်ချောင်း
တီးခတ်နေဆဲ ဂစ်တာဟောင်းတစ်လုံး
ငါ့ကိုကြည့်ပြီး လှောင်ပြုံနေလေရဲ့...............။

နေ့ဘက်တွေ မှာဆို
သံသယ မျက်လုံးတွေအနား
လူသားတွေရဲ့ ကြားထဲ
ငါ နေတတ်အောင်လဲ နေပေးရဲတယ်............။
ရင်ထဲက ခံစားသမျှဟာ
ကဗျာဆိုရင်
နင်ဟာ ကဗျာ တစ်ပုဒ်အဖြစ်
ငါ့နှလုံးသားမှာ ကျန်ရစ်ပါစေ
ဘယ်သောအခါမှ မမေ့စေဘူး..............။
အခုတော့.........
ငါချစ်ခဲ့တဲ့ ကဗျာ
ငါလိုချင်တဲ့ ဖြူစင်မှု
ငါကိုယ်တိုင် ဥပက္ခာ ပြုလိုက်ရင်း
သံယောဇဉ်ရဲ့ ချည်နှောင်ခြင်းမှ
လွတ်ကင်းပါရစေ..............။                                                                              
ညီညီ(မြန်အောင်)

တစ်ခါတရံ အချစ်ဆိုတာ တိတ်တိတ်ကလေးပဲ ကောင်းတယ်........


ဘယ်လောက်အထိ ချစ်ခဲ့လည်းဆိုရင်
ငါ့ နှလုံးသားကို ပြန်ကြည့်မှ
နင်ပျော်ရွှင်ဖို့ အမြဲပြုံးပြ နေတတ်တာ
ငါ့ကို ငါတောင် သတိမထားမိ ခဲ့ဘူး...........။

အမြဲ သတိရနေခြင်းက
ချစ်ခြင်းရဲ့ အစဆိုရင်
မေ့ပျောက်ခြင်းတွေနဲ့ ပြီးဆုံး
အချစ်ရဲ့ နိဂုံးမှာ
အမုန်းဆိုတာတော့ ငါ့အတွက် မထားခဲ့ပါနဲ့...............။
နင်က ငှက်ကလေးဆို
ငါက သစ်ပင်တစ်ပင်ပါဟာ
ခဏတာ ဝင်နားမှန်း သိနေလျှက်
နင်ပျော်ရွှင်ဖို့ အတွက်
ငါ မနှင်ရက် ခဲ့ဘူးလေ...............။

ရေလှိုင်းလေး ခဏတာ ဝင်နားတဲ့
ကမ်းနားလေး ဟာလည်း... ငါ
တစ်စတစ်စ ပဲ့ကြွေခြင်းမှာ
ငါ ကျရှုံးခြင်းဆိုတာ သိပေမယ့်
ရင်ထဲက မေ့ပြစ်ဖို့ ခက်တယ်..................။

ကျွန်းခံနေတဲ့ နှလုံးသားလမ်းကြောင်းမဟုတ်ပေမယ့်
ဂုဏ်ဓန ဆိုတဲ့ မှတ်တိုင်လေးထား

ငွေပေးမှ သွားခွင့်ရတဲ့
နှလုံးသား လမ်းသစ်တွေကြားမှာ
ငါ....
လမ်းလျှောက်ရင်း လမ်းပျောက်ချင်ခဲ့တာပါ.............။
ဖန်တီးယူခဲ့တာ မဟုတ်ခဲ့ ပါဘူး
အလိုလို ဖြစ်တည်လာတဲ့ ရင်ခုန်မှုက
ငါ့နှလုံးသားကိုမှ ဗဟိုပြုခဲ့တာ
နာကျဉ်မှုတွေပါ တစ်ခါတည်း သယ်လာခဲ့သလား...........။
ကမ္ဘာအတု လေးထဲက
သံယောဇဉ် အတုတွေလို့ ထင်ရင်
ငါတို့ ဘယ်တော့မှ ပြန်မဆုံချင်ကြေး
တစ်ခါတစ်ရံ ဟိုး...အဝေး
အချစ်ဆိုတာ တိတ်တိတ်ကလေး ချစ်နေရတာပဲ ကောင်းတယ်...........။


ညီညီ(မြန်အောင်)

မိခင်


အမြဲတမ်း သတိရနေခြင်းတွေကို
"အလွမ်း" လို့ ခေါ်ဆိုကြရင်
စက္ကန့်နဲ့ အမျှ လွမ်းနေပါတယ်လေ
ငါတို့ ဇာတိ မြန်မာပြည်.........။

အမိတကွဲ အဖတကွဲ
မျက်နှာငယ် တစ်ယောက်ထဲနဲ့
နေရဲအောင်လည်း နေရတယ်အမေ.........။

မနာလို ဝန်တိုမှုတွေနဲ့
ငြူစူတဲ့ မျက်စောင်းတွေကြားက
ကျေနပ်အောင်လည်း နေပေးရတယ် အမေ.......။

ဒီလိုနဲ့
ဥသြငယ်  တွန်ကြူး
ပိတောက်တွေလည်း အခါခါဖူးခဲ့ပြီ...........။

အမေရယ်.....
ဧပရယ်ရဲ့ နှစ်ကူးမှာ
လွတ်လပ်စွာ ပျော်မြူး ချင်ပေမယ့်
ဆင်းရဲတွင်းထဲက ဘဝ
အချိန်တွေကို ရောင်းစားနေရတယ်............။

ဆုတောင်းပါတယ် အမေ
မြန်မာဆိုတဲ့ မျိုးဆက်ပန်း
ကမ္ဘာပေါ်မှာ မနွမ်းဖို့
ဒီ နှစ်ထောင် နဲ့ ဆယ့်နှစ်က
ဘဝရဲ့ အစပဲ ဖြစ်ပါစေ
ခွန်အားသစ်တို့ ပေးလှည့်ပါ အမေ.............။



ညီညီ(မြန်အောင်)

ကဗျာ


တစ်ခုပေးမှ တစ်ခုရတဲ့ လူ့ဘဝ
ငါ့ အသည်းတွေ ကြွေကြပါစေ
ချစ်သူ နင်ပျော်ရွှင်ဖို့ အမြဲပြုံးပြ နေမယ့် လူပါ..............။

ငါတို့က ဘဝကို ပန်းချီကားတစ်ချပ်လို ပုံသွင်း
လှပစွာ ဆေးရောင်ခြယ်နိုင်ခြင်း မရှိမှတော့
ခပ်လျှော့လျှော့ သံယောဇဉ်ကြိုးက
ဘယ်လိုတိုးလို့ ချည်နိုင်တော့မှာလည်း............။

ကောင်မလေးရေ ငါအရမ်း ချစ်ခဲ့တာ
ငါအရမ်း လွမ်းခဲ့တာတွေဟာ
နင်မခံစားတတ်တဲ့ ကဗျာထဲမှာ
 နှလုံးသားထဲက ဆန္ဒကို ဖွင့်အပြ
ကဲ့ရဲ့ချင်တဲ့သူ ကဲ့ရဲ့ကြပေါ့..................။

အွန်လိုင်းပေါ်က ကဗျာ "ဂေါက်သီး" များစွာတဲ့လား
 ဝေဖန်လိုက်ပါ ကောင်မလေး
ငါတို့ကတော့ ကဗျာကို ရူးသွပ်နေသေးတယ်ဆိုတာ
ဘယ်သူဖတ်ဖတ် မဖတ်ဖတ်
ကိုရေးထားတာ ကိုဖတ်ပြီး
ငါတို့ ကျေနပ်ခဲ့တာ
ကဗျာဆရာ ဆိုတဲ့ စကားလုံး
ငါတို့ကို ငါတို့ မသုံးဘူး...............။

တစ်ဖက်သတ် ဆန်တဲ့
အလွမ်းဓါတ်ခံ သမားတွေတဲ့လား
ဟုတ်ပါတယ်
အလွမ်းတွေကို အဖော်ပြု
ကဗျာ ဆိုတဲ့ ရာသီဥတုဆိုတာ
ငါတို့အတွက် အမြဲသာယာနေတာ
နင်ဟာ ငါ့အတွက် ကဗျာ
ဒါကြောင့် ကဗျာတွေကို ငါချစ်တယ်...................။


ညီညီ(မြန်အောင်)

Thursday, 24 January 2013

သံယောဇဉ်


ချစ်သူပေးလိုက်တာ
ပန်းလေး တစ်ပွင့်လား.....?
နွမ်းလွင့်ကာလေ
ရနံ့တွေ ပျယ်နေမလား
ဒိုင်ယာရီ စာအုပ်ကြားမှာ
ငါ... သိုဝှက်စွာ သိမ်းထားမယ်..................။

ချစ်သူပေးလိုက်တာ
အလွမ်းလေး တစ်ခုလား......?
ကျွမ်းနင့်ပါစေ
နွေတစ်ရာ ပူစေမလား
ဒီအသဲ ကြားမှာ
ငါ..သိုဝှက်စွာ သိမ်းထားမယ်.....................။

သြော်.....
အလွမ်း ဖြစ်ဖြစ်
ပန်းဖြစ်ဖြစ်လေ
မြတ်နိုးမှုတွင်
သံယောဇဉ်နဲ့
ချစ်သူကိုယ်ပွား
နှလုံးသားမှာ
မစိမ်းကားချင်
သိမ်းထားချင်တယ် ချစ်သူရယ်................။

ညီညီ(မြန်အောင်)

Popular Posts